ဒဂုံမြောက် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းတွင် ကိုယ်ပိုင်ကျောင်းများဖြစ်သော N3၊ တိုးတက်အောင်၊ ပညာထွန်းတောက်၊ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၇၂)ဦးအား(Sinopharm) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူလေးများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျန်ရှိသည့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရသည်။
မြင့်မြင့်ရီ