ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြင်ဦးလွင်၊ စက်တင်ဘာ   ၈

ပြင်ဦးလွင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဦးစီးမှူး ဒေါက်တာသန်းဝင်း၊ မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့အမှုဆောင် ဦးသန်းဝင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်သိန်းသန်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

"ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ Stay at home အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များမှလာရောက်သူအမျိုးသားများကို မန္တလာ ဒီဂရီကောလိပ်နဲ့အမျိုးသမီးများကို ဗဟိုဝန်ထမ်းတက္ကသိုလ်ဇီးပင်ကြီးတွင် Facility Quarantine ထားရှိသွားမှာ ဖြစ်ပါတယ်။ မန္တလာဒီဂရီ‌ကောလိပ်မှာ စက်တင်ဘာ (၇) ရက်နေ့မှ စတင်လက်ခံပေးသွားမှာပါ။ စက်တင်ဘာ ၇ ရက်နေ့မှ စတင်ဝင်ရောက်လာသူများကိုတော့  Swab စစ်ခတစ်ကြိမ် စစ်ခကျပ်ငွေ ၂ သိန်းကျပ်နဲ့ ထမင်းစရိတ် တစ်ရက်ကိုကျပ် ၃၀၀၀ခန့်  ကျသင့်မှာဖြစ်ပါတယ်၊Hotel Quarantine ဝင်ရောက်လို သူများအတွက် ပြင်ဦးလွင်မြို့ရှိ Hotel 99 မှာစီစဉ်ပေးထားပါတယ် "ဟု  ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။

ထို့နောက် ပြင်ဦးလွင်မြို့သို့လာရောက်သူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြောင်းထောက်ခံစာယူလာပေးကြရန်နှင့် စစ်ဆေးမှုမခံယူလျှင် ပြင်ဦးလွင်မြို့ထဲသို့ဝင်ရောက်ခွင့်မပြုကြောင်း၊ အနီးစခန်းအနီး သံမဏိစက်ရုံလမ်းဆုံ နှင့် ရေငယ်အနီး X- ray ဂိတ်ရှိကျန်းမာရေးစစ်ဆေးမှုဂိတ်များတွင် စစ်ဆေးပြီးမှသာဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသီး သီးဆွေးနွေးခဲ့ကြသည်။

မြတ်ဆုမွန်