တိုက်ကြီး ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများကို မြို့နယ်ပညာရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်း(တိုက်ကြီး) အနော်ရထာခန်းမတွင် ကျင်းပဆောင်ရွက်သည်။
အခမ်းအနားတွင် တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် အရေးယူပုံအဆင့်ဆင့်ကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က “မူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)မှ Grade–5 ကျောင်းသား ကျောင်းသူများက “မူးယစ်မှန်သမျှ ဆိတ်သုန်းစေ အနာဂတ်မှာ ပန်းတွေဝေ”ကဗျာအား သံပြိုင် ရွတ်ဆိုခဲ့ကြပြီး ဒုတိယအလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်စိန်နှင့် အထက်တန်းပြဆရာမ ဒေါ်အိအိဖြိုးဝင်းတို့က မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်