မောက်မယ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

မောက်မယ် ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန် နေ့နံနက်(၉)နာရီက ဟောပြောပွဲနှင့် ကြိုတင်ကာကွယ်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းက မူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီးရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖြစ်တတ်သောအန္တရာယ်လက္ခဏာများနှင့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသော အမူအကျင့်၊အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်း သား/ကျောင်းသူလူငယ်များအား ပြိုင်ပွဲတွင်သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို မောက်မယ်အ.ထ.ကနှင့် စျေးတန်းရပ်ကွက်အ.လ.က(ခွဲ) မှကျောင်းသား/ကျောင်းသူ(၃၂)ဦးတို့က စိတ်ပါဝင်စားစွာလာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ယမန်နေ့နေ့လယ်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အလှူရှင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)