နောင်တရား စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ငါးရက်တစ်ကြိမ်ဖွင့်လှစ်သည့် မူလဈေးနေရာအား ခေတ္တပိတ်ထားပြီး ယာယီဈေးအဖြစ် နောင်တရားမြို့ မြို့မဈေးသစ်ကြီး၌ ယခုဈေးအပတ်မှစ၍ စတင်ရောင်းချလျက်ရှိသည်။
“မူလဈေးနေရာကိုတော့ ခေတ္တပိတ်ထားတယ် အဝင်အထွက်လမ်းလည်းများတယ်၊ အိမ်နဲ့လည်းနီးတယ်၊ နေရာလည်း ကျဉ်းတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့ အညီဈေးရောင်းချခွင့်ပြုဖို့က အဆင်မပြေဘူး။ ယခင် Covid-19 ရောဂါ ပြည်တွင်း ကူးစက်မှုစတင်တဲ့ အချိန်တုန်းကတော့ ယာယီဈေးကို ယခုဖွင့်လှစ်တဲ့ နောင်တရားဈေးသစ်ကြီးမှာ ဖွင့်လှစ်ရောင်းချခဲ့တယ်။ ဈေးသစ်မှာ အဝင်အထွက်ကို တစ်ပေါက်ဘဲဖွင့် ထားပြီးဈေးလာတဲ့ ဈေးရောင်း၊ ဈေးဝယ်အားလုံးကို လက်ဆေးပြီးမှဝင်ခိုင်းတယ်၊ နှာခေါင်းစည်းတပ်ခိုင်းတယ်၊ မတပ်ရင်ဈေးထဲကိုပေးမဝင်ဘူး” ဟု နောင်တရားမြို့ စည်ပင် သာယာရေးဌာန မှ တာဝန်ခံ ဦးကျော်ဝင်းက ပြောကြားသည်။
ယာယီဈေးသစ်၌ ဖွင့်လှစ်ရောင်းချနေသည့် ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း တပ်ဆင်အသုံးပြုခြင်း ရှိမရှိစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေဝန်ထမ်းများနှင့် လူမူရေး အသင်းအဖွဲ့တို့ ပူပေါင်းဆောင်ရွက်လျက်ရှိသည်။
နောင်တရားမြို့ယာယီဈေး၌ လာရောက် ဈေးရောင်းဈေးဝယ်သည့် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်အသုံးပြုခြင်းဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှု အားကောင်းလျက် ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)