ဒဂုံအရှေ့ ဇွန် ၂၃
၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ အ.ထ.က (၂)ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်က မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ် မျိုးဆက်သစ်ပန်းများပွင့်စေဖို့ မူးယစ်အန္တရာယ်အားသိရှိ၍ ရှောင်ကြဉ်ကြစေရန် ကျောင်းသား၊ ကျောင်းသူများနှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ် အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေး သုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် “မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး”၊ “အနာဂတ် ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေသော သတင်းစကားလက်ကမ်းစာစောင်၌ ပါရှိသော “ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်”ကဗျာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို ဖတ်မှတ်၍ ပြန်လည်ပြောကြားဆွေးနွေးခဲ့ပြီးနောက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ကြောက်မက်ဖွယ်ကောင်းပုံများ ပါဝင်သော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ အ.ထ.က၊(၂)ကျောင်းမှ ဆရာ၊ ဆရာမများမှ ပူးပေါင်းပါဝင်ကာ ကျောင်းသား၊ ကျောင်းသူ(၂၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်