ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

မောင်တော ဇွန် ၂၃  

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်မီးသတ် ဦးစီးမှူး ထွန်းရွှေခိုင်က  သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်နေမှုအခြေအနေများ၊  မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်များအား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  လေဘေး၊ မုန်တိုင်းဘေး၊ ရေကြီးမှု၊ မိုးကြိုးအန္တရာယ်များ စသည့်တို့ကို အသိပညာပေး Video ဖိုင်များအား ပြသခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခြင်းများကို ဆောင်ရွက်ပေးကာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေအား ပြည်သူ့များထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာ ပြုစုနည်းများ၊ ကြိုးချည်နည်းစနစ်များ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ၊ စသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။   အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ထွန်းရွှေခိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန် ၊ သက်လွင်စိုး (ပြန်/ဆက်)