ပူတာအိုခရိုင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပူတာအို ဇွန် ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာကြမည့် ကျောင်းသူ ကျောင်းသားများ မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လည် (၁၂)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေး ဟောပြောပြီး အဆိုပါမူးယစ်ဆေးဝါး ဟောပြောချက်များနှင့် ပတ်သက်၍ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသူ ကျောင်းသားများက ပါဝင်ယှဉ်ပြိုင်ကာ ခရိုင်ဦးစီးမှူးက ဆုရရှိသည့် ကျောင်းသူ ကျောင်းသားများအား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ကျောင်းသူ ကျောင်းသား (၅၀)ဦးခန့်က ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ပူတာအိုခရိုင် ခရီးစဉ်မှတ်တမ်းဓါတ်ပုံများနှင့် ခရိုင်/မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ ပြပွဲပြသထားရှိမှု၊ သုတရသမဂ္ဂဇင်း ဂျာနယ်စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှု၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး ပညာပေးမှတ်တမ်း နံရံကပ်စာစောင်များနှင့် ကာတွန်းပိုစတာများ ခင်းကျင်းပြသထားရှိမှုများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)