ရေးမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ရေး ဇွန် ၂၃

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၁)နာရီက မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သိမ့်သိမ့်ရည်က ယနေ့လူငယ်များအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ လွန်စွာများပြားလာသည့်အတွက် တစ်မြို့၊ တစ်ပြည်နယ်သာမက တစ်နိုင်ငံလုံးအနေဖြင့် မူးယစ် ဆေးဝါးကင်စင်ပပျောက်ရေးအတွက် ယခုလိုအသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေးမြို့နယ် အမှတ်(၃၉) မူးယစ်တပ်စု၏ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်နိုင်ဝင်းက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ထိန်းချုပ်ဓာတုအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးအုပ်စု (၃)အုပ် စုဖြစ်သည့် အပင်ထွက်မူးယစ်ဆေးဝါးအုပ်စု၊ အပင်ထွက် မူးယစ်ဆေးဝါးများကို ဓာတုပစ္စည်းများနှင့် ရောနှောပြုပြင် ချက်လုပ်ထားတဲ့ တစ်ပိုင်းတစ်စ ပြုပြင်ထားသည့် မူးယစ်ဆေးဝါးအုပ်စုနှင့် ဓာတုပစ္စည်းများမှ တိုက်ရိုက်ထုတ်လုပ်သည့် လူလုပ်မူးယစ်ဆေးဝါးအုပ်စုများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ အဓိက မူးယစ်ဆေးဝါးပြဿနာများ အကြောင်း၊ မူးယစ်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခြင်းအပိုင်းများအကြောင်း၊ အမှတ် (၃၉) မူးယစ်တပ်ဖွဲ့စု၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိများ၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်းနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရန်အတွက် အရေးပေါ် ဆက်သွယ်ဆောင်ရွက်ရမည့် Hot Line ဖုန်းနံပါတ်များကို ဆွေးနွေးပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေးမြို့နယ်ရုံးအနေဖြင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show)များ၊ ဟောပြောပွဲများနှင့် ပုံပြင်ပြောခြင်းအစီအစဉ်များ စသည့်အသိပညာပေးလုပ်ငန်းများကို Online မှတဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ မူးယစ်ဆေးဝါးအသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)