မိုးနဲ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ် ငန်းများနှင့် စပ်လျဉ်း၍ စောင့်ကြည့်ရမည့်သူများအားသီးခြား စောင့်ကြည့်မှုများ ဆောင်ရွက်သွားရန်အတွက် Quarantine Centre ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲအချိန်က စတင်ကာ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် ရက်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စာသင်ခန်းများအတွင်း နေရာထိုင်ခင်း ပြင်ဆင်ဆောင်ရွက် ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine Centre ကိုစာသင်ခန်း ၁၅ ခန်းအသုံးပြုပြင်ဆင်ထားပြီး တစ်ခန်းလျှင် ၅ ဦးနှုန်းနှင့် လူဦးရေ (၇၅) ဦးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)