သံဖြူဇရပ်၌ မိုးရာသီ တိရစ္ဆာန်အစာပင်(Taykuan)  တေခူယံမြက် စိုက်ပျိုးပွဲကျင်းပ

သံဖြူဇရပ်  ဇွန် ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏  ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင် (Taykuan) တေခူယံမြက်စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် နံနက် နာရီက ၉ နာရီက ဝဲကလိကျေးရွာ အမှတ်(၄) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း စိုက်ပျိုးမွေးမြူရေးဇုန်တွင် ကျင်းပ ပြုလုပ်သည်။

စိုက်ပျိုးပွဲတွင် အမှတ်(၄) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းအားဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သံဖြူဇရပ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းငွေထွန်းက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့်စနစ်သို့ ကူးပြောင်းပြီး တိရစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေသြစာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်း၊ အစာရေစာ ရှားပါးသော ဒေသများနှင့် အစာဖိုးကုန်ကျစရိတ်မြင့်တက်နေချိန်တို့တွင် ဖြည့်စွက်အစာစိမ်းအနေဖြင့် (ဖွဲနု၊ နှမ်းဖတ်၊  ပဲဖတ်) အစရှိသည့် ဒေသထွက် အစာနုနှင့် ရောစပ်ကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝစွာရရှိခြင်း၊ ထုတ်လုပ်မှုကောင်းစွာရရှိခြင်းနှင့် ယခု(Taykuan) တေခူယံ တိရစ္ဆာန်အစာပင်ကို စိုက်ပျိုးခြင်းဖြင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိရိစ္ဆာန်အစာပင်ဖြစ်သည့် (Taykuan)တေခူယံ မြက်စိုက်ပျိုးခြင်းကို အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး မွေးမြူရေးနှင့်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ(Taykuan)တေခူယံမြက် (၁) ဧကကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)