မြင်းခြံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မြင်းခြံ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကြီးကြပ်သူ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ အသင်းဝင် ဦးဌေးစိုးက စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲအား အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက(ခွဲ) အလင်းရောင်ကျောင်းတို့မှ အထက်တန်း အဆင့် ကျောင်းသား/သူ (၂၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပြီး ဆုချီးမြှင့်ခြင်းပွဲ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)