မိတ္ထီလာမြို့နယ်၌ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အခြေခံစက်ချုပ်သင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေး

မိတ္ထီလာ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ်များကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်နှင့် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ အဆင့်မြင့်စက်ချုပ်နည်းပညာရပ်များကို တတ်ကျွမ်းပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများထူထောင်၍ မိသားစုဝင်ငွေတိုးပွားလာစေရန်တို့ကို ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို မိတ္ထီလာမြို့ပေါ်ရှိ အောင်ဇေယျာ၊ ရန်မျိုးအောင်၊ အောင်ဆန်း၊ ကျီတော်ကုန်း၊ ဝန်ဇင်းရပ်ကွက်များမှ အမျိုးသမီးငယ် ၂၀ ဦး တက်ရောက်ပြီး ၎င်းသင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်က စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကပ်ချုပ်နည်းအမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက်အတွန့်ပါ ဂါဝန်၊ ကလေးဝတ်ဘောင်းဘီရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာကြီးဦးသာဝထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)