မိုးကောင်း စက်တင်ဘာ ၈
မိုးကောင်းမြို့နယ်ရှိ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကိစ္စရပ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်ခင်ဌေးက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၄)ကို လည်းကောင်း၊ အတွင်းရေးမှူး ဒေါ်ဧပရယ်စိုးက နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်(COC)နှင့် နိုင်ငံရေးပါတီများသို့ အခါအားလျော်စွာ ညွှန်ကြားသည့် ညွှန်ကြားချက်များကို လည်ကောင်း၊ အဖွဲ့ဝင်များက ကျန်းမာရေးဆိုင်ရာများ၊ လုံခြုံရေးအရ ကန့်သတ်နယ်မြေများ၊ အသံချဲ့စက်အသုံးပြုခွင့်၊ စည်ပင်နယ်နိမိတ်အတွင်း ဆိုင်းဘုတ် စိုက်ထူခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို အသီးသီး ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ သိလိုသည်များကို မေးမြန်းကြရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကဏ္ဍအသီးသီးအလိုက် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)