စဉ့်ကိုင်မြို့နယ်၌ တိရစ္ဆာန်အစာပင်သရုပ်ပြစိုက်ခင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

စဉ့်ကိုင် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်သရုပ်ပြစိုက်ခင်း ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်(၁၁)နာရီ ကကျေးနီကန်ကျေးရွာ ၊ တောင်သူဦးသန်းထွန်းလတ်စိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်းဆိုင်းဘုတ်စိုက်ထူရာတွင် စဉ့်ကိုင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါက်တာ၀င်းညွှန့်လှိုင်နှင့်၀န်ထမ်းများ၊ ရာအိမ်မှူးနှင့်အဖွဲ့၀င်များက ဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့ရာ  မိုးရာသီတိရစ္ဆာန်အစာပင်အဖြစ်နေဗီယာမြက်များကို  တောင်သူဦးသန်းထွန်းလတ်၏ လယ်မြေဧက(၂)ဧကတွင် စိုက်ပျိုးခဲ့ပြီး ပျိုးပင်များစိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  နေဗီယာမြက်များကို စနစ်တကျစိုက်ပျိုး၍  တိရစ္ဆာန်များကို ကျွေးမွေးခြင်းဖြင့်မိရိုးဖလာသဘာ၀မြက်များကို ကျွေးမွေးခြင်းထက်တိရစ္ဆာန်များ ကျန်းမာရေးကောင်းမွန်သည့်အပြင် မွေးမြူမှုဖွံ့ဖြိုးတိုးတက်လာပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များလည်း ရရှိလာစေရန် ရည်ရွယ်၍ စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်တာ၀န်ခံ ဦးစီးအရာရှိဒေါက်တာ၀င်းညွန့်လှိုင်ထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)