မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ချမ်းမြသာစည် ဇွန် ၂၃

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းကြား သိပ္ပံလမ်းပေါ်ရှိ (ဆင်ဖြူကန်ကွင်း)တွင် ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းကြား သိပ္ပံလမ်းပေါ်ရှိ ပိတ်ထားသည့် Noble စင်တင်တေးဂီတဆိုင်နှင့် စားသောက်ဆိုင်အဟောင်း (မြို့တော်စည်ပင်သာယာပိုင်)၊ ပါးချိုင့်လေးလက်ဘက်ရည်ဆိုင် တို့တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ပိတ်ထားသည့် Noble စင်တင်တေးဂီတနှင့်စားသောက်ဆိုင်အတွင်း ဝင်ရောက်နေထိုင်လျက်ရှိသည့် စိတ်မနှံ့သည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးမှ ၎င်း၏အဝတ်အစားများကို ဂတ်စ်မီးခြစ်ဖြင့်မီးရှို့ရာမှ Noble စားသောက်ဆိုင်အဟောင်းအား မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဘေးကပ်လျက်ရှိသည့် ပါးချိုင့်လေးလက်ဖက်ရည်ဆိုင်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ (၂) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး  မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးစီးအဖွဲ့၊ ဒုတိုင်းမီးသတ်ဦးစီးမှူး ဦးဌေးဝင်းဦးစီးအဖွဲ့၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ကိုကို ဦးစီးအဖွဲ့တို့မှကွပ်ကဲမှူးယာဉ် (၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂၀)စီး၊ ရေသယ်ယာဉ် (၁၀) စီး၊ သန္ဓေ တပ်ဖွဲ့ဝင် ၅၀ ဦး၊ အရန်မီးသတ် ၁၀၀ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးရှို့သူ စိတ်ပေါ့သွပ်သူဟု ယူဆရသော အမည်မသိ အမျိုးသမီးအား စိတ်ဝေဒနာသည် ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)