သိန္နီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

သိန္နီ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိ ပညာဗဟုသုတတိုးပွားရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ငှားရမ်းပေးရာတွင် ဒေသခံပြည်သူများ ဗဟုသုတတိုးပွားစေရန်အတွက် သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ဂျာနယ်များနှင့် ကလေးများအတွက် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များကို သိန္နီမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်။“ စာအုပ်များကို နယ်လှည့်ကွင်းဆင်းပြီး လာရောက်ငှားရမ်းပေးခြင်းအတွက် ကျွန်မတို့အနေနဲ့ ဗဟုသုတများစွာရရှိပါတယ်။ ကျွန်မတို့မှာရုံးလုပ်ငန်းများ၊ မိသားစုကိစ္စများနဲ့ စာငှားဖို့အခက်အခဲရှိတဲ့အချိန်မှာ ကြိုက်ရာစာအုပ်များကို ရုံးများ အရောက်လာရောက်ငှားရမ်းပေးသည့်အတွက် အဆင်ပြေမှုရှိကြောင်း” မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းမရွှေဝါဝင်းက ပြောကြားသည်။ သိန္နီမြို့နယ်တွင် ဌာနဆိုင်ရာများသို့ တစ်ပတ်လျှင်တစ်ကြိမ် နယ်လှည့်ငှားရမ်းလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ (သိန္နီ)