မုဒုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲ ကျင်းပ

မုဒုံ ဇွန် ၂၃

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နယ် ဥပဒေအရာရှိ ဦးသန်းဝင်းမောင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မုဒုံမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မင်းမင်းထွန်းက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းသား/သူများ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် လူငယ်များ အနေဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့် တုံးခဲ့ရသည့် သာဓကများအကြောင်း၊ ရှောင်ရှားရန်အချက်များ၊ မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ နောက်ဆက်တွဲ ရောဂါများအကြောင်း စသည့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)