ကော့မှူး ဇွန် ၂၃
ဇွန်လ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဒုဥက္ကဋ္ဌ ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေး ဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်စေနိုင်သော လူမှုရေး၊ စီးပွားရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ် ဆေးဝါးသုံးစွဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပွားနိုင်သော ရောဂါများအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်၊ ဓာတ်ပုံများကို ပြည်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ကျော်သူရ