ပင်းတယ ဇွန် ၂၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၂ ခုနှစ်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက်ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရ အားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဂုဏ်ပြုစကားပြောကြားရာတွင် ယခုလိုဒုတိယဆုရ ဓနုဘောလုံးအသင်းအား ဓနုဒေသပြည်သူကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်မှ လူငယ်လူရွယ်များကို ဘက်စုံ ထောင့်စုံမှအရည်အသွေးမြင့်တင်ရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြမည့် လူငယ်များ၏ ကျန်းမာကြံခိုင်မှု၊ အရည်အသွေးပြည့်ဝမှု၊ စိတ်ဓာတ်ရေးရာမြင့်မားမှုနှင့် စည်းကမ်းလိုက်နာမှုစသည်တို့ကို အားကစားပြုလုပ်ပေးခြင်းဖြင့် ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ နောက်လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ပိုမိုအောင်မြင်စွာ ဆောင်ကျဉ်းနိုင်၍ ရှမ်းပြည်နယ်ကိုယ်စားပြု ရွေးချယ်ခံရပြီး ၎င်းမှတစ်ဆင့် နိုင်ငံလက်ရွေးစင် အားကစားသမားဖြစ်သည်အထိ ဝိုင်းဝန်းကြိုးပန်းကျရန်စသည်တို့ကို ပြောကြားပေးခဲ့သည်။
ဆက်လက်၍ ပင်းတယမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားပေးကာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်းက ဆုရအားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဆုရာဘောလုံးသမားများကိုယ်စား အားကစားသမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)