မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ခွဲ) (လ-၂) ကျောင်းတွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ထုံထိုင်းစေသောဆေးဝါးများ စမ်းသပ်သုံးစွဲခြင်း မပြုစေလိုကြောင်း၊ ပညာသင်ကြားသည့်အရွယ်တွင် ပညာကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းသင်ခန်းစာအပြင် အခြားဗဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုစေလိုကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိနိုင်သည့် ဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)