မိုင်းဆတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တို့က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။
မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံပြည်သူများနှင့် မြို့မဈေးသို့ ဈေးဝယ်လာသူများအား နေအိမ်ပြင်ပ ထွက်သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ မဖြစ်မနေ သွားလာရပါက နှာခေါင်းစည်း (MASK)များ တပ်ဆင် သွားလာရန်နှင့် လူစုလူဝေးရှောင်ကြဉ်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။
မြို့မဈေးရှေ့တွင် အသိပညာပေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံ လမ်းဆုံတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုဝင်း ဦးဆောင်သော မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် MASK တပ်ဆင် သွားလာခြင်း မရှိသူ(၄)ဦးအား MASK (၁၀)ခု ဝယ်ယူစေ၍ (၅)ခုအား မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လှူဒါန်းစေပြီး ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်း တပ်ဆင်ပြီးမှသာ လိုရာခရီး ဆက်သွားခွင့်ပြုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)