ဟိုပန် ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို သိရှိကြပြီး ရှောင်ရှားကြစေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝကြစေရေး စာအုပ်၊ စာပေများအား ဖတ်ရှု့လေ့လာကြစေရန်တို့ကို ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဟိုပန်မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးမိုင်းထွန်းနောက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ပြိုင်ပွဲတွင် ဟိုပန်မြို့နယ်အတွင်းရှိ အထက(ဟိုပန်)၊ အထက(ခွဲ)ရွှေဝါ၊ အလက(ကောင်းကော်)၊ မူလွန်(မော်ဟွေ့) ကျောင်းများရှိ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၅)ယောက်က" မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး"ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို လည်းကောင်း၊ " ကောင်းကျိုးမပေး မူးယစ်ဆေး " ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကိုလည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဟိုပန်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)