နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ သစ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

လယ်ဝေး ဇွန် ၂၃

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်းရှိ သစ်လုပ်ငန်းရှင်ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အသေးစားစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုအဆင့်တိုးတက်မြင့်မားရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပြည့်ဝထိုးနှံရေးနှင့် လုံခြုံရေးကိစ္စတို့အား မှာကြားခဲ့ သည်။ ထို့နောက် သစ်လုပ်ငန်းရှင်များက လိုအပ်သည်များကို မေးမြန်းခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် မြို့နယ်သစ်တော ဦးစီးမှူး ဦးအောင်ဝင်းကျော်တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့၊ စံဖွံ့ဖြိုး သစ်အချောထည်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း ပရိဘောဂများဆောင်ရွက်ထားရှိမှုနှင့် သစ်အချောထည်လုပ်ငန်းများ ထုတ်လုပ်ပုံထုတ်လုပ်နည်း အဆင့်ဆင့်တို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)