ရန်ကင်းမြို့နယ်ရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်း စည်း(Mask)များ ဖြန့်ဝေ

ရန်ကင်း စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာ ပေးခြင်းနှင့် Mask များ(အခမဲ့)ဖြန့်​ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ  ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်တိုင်းနှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ရန် အသိပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်များကို လိုက်နာရန်၊ မိမိအိမ်တွင်သာ နေထိုင်ရန်နှင့် လူစုလူဝေးရှိရာနေရာများကို တက်နိုင်သမျှ မသွားရောက်ရန်၊ ဈေးသို့လာပါက Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ရန် စသည့် အချက်များကို  အသိပညာပေးပြောကြားခြင်းနှင့် ပါးစပ်နှာခေါင်းစည်း(Mask)များကို မြို့နယ် စည်ပင်သာ ယာရေး ကော်မတီမှ (အခမဲ့)ဖြန့်ဝေခဲ့ကြသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းထိပ်များတွင် မိမိတို့ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာသူများ အား ကိုယ်အပူချိန်တိုင်းခြင်း၊ Mask တပ်ဆင်‌စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် အဖွဲ့တို့က ပြုလုပ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ နေထိုင်သွားလာစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိ ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)