မိုးမောက်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်အသိပညာပေးဆောင်ရွက်

မိုးမောက် ဇွန် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အ.မ.က(၃) မူလွန် ကြေးနန်းကျောင်း၌ နယ်လှည့်အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက နယ်လှည့်လုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်းနှင့် စာကြည့်တိုက် အမျိုးအစား(၄)မျိုး အကြောင်းကို အသိပညာပေး ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သတင်း စကားလက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်သက်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်ရာတွင် လုပ်ဆောင်ရမည့် နည်းစနစ်များကို ကျောင်းသား၊ ကျောင်းသူများသိရှိပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ဗဟုသုတရရှိစေရေး ဟောပြောခဲ့ ကြကြောင်း သိရသည်

မြို့နယ်(ပြန်/ဆက်)