သီပေါမြို့နယ်အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

သီပေါ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာကျောင်းများတွင် ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့သည် မူကြိုကလေးများမှစ၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးများကို သွားတိုက်ခြင်းသရုပ်ပြသခြင်း၊ လက်ဆေးခြင်း သရုပ်ပြသခြင်းနှင့် သွားတိုက်ခြင်း၊ လက်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့်ရောဂါများကို ကာကွယ် နိုင်ကြောင်း ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအားလုံးကို တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်‌ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)