တံတားဦး ဇွန် ၂၃
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ညနေ (၃) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ များ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများ တိုးပွားကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားကာ အားလပ်သည့်အချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အ.မ.က.၊ ဆုံကုန်း ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတ်မှတ်ပေးထားသော စာအုပ်များကို စာဖတ်စွမ်းရည်အဖြစ် ယှဉ်ပြိုင်ကြကာ တာဝန်ရှိသူများ လက်ဆောင်ပစ္စည်းများပေးအပ် ကြပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲတင့်