ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်ဆန် ဇွန်   ၂၃

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက နမ့်ဆန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က ၁) နဝရတ်ခန်းမ ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သောရောဂါများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သောဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးရှောင်ကြည်ကြစေရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် နမ့်ဆန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာထွန်းက လူငယ်လူရွယ်များ စိတ်လေလွင့်မှုနည်းပါးပြီး ကျန်းမာကြံ့ခိုင်ပြီး မြန်မာ့အားကစား ကမ္ဘာကို လွမ်းခြုံနိုင်အောင် မိမိတို့ဌာနမှ လူငယ်များအား အရည်အချင်းပြည့်ဝသည့် အားကစားသမားများ ပေါ်ပေါက်လာစေရန် မွေးထုတ်ပေးသည့်အကြောင်းများ အားကစားနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/သူများအား ကျောင်းသူ(၂)ဦးမှ Fitness Danceအကအား သရုပ်ပြ  ကပြဖျော်ဖြေခဲ့ပြီး ဦးစီးအရာရှိ ဒေါ်မာမာထွန်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က၁) ကျောင်းအတွက်အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြသပေးခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်များကိုလည်း ပြသ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်