မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေး ဇွန် ၂၃

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ အဖွဲ့ဝင် (၂) ဦးသောင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနှင့် ပူးပေါင်းဆောင်ရွက်ရန်များ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်ဇာနည်ဝင်းက ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အလုပ်များအကြောင်း၊ ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုများအကြောင်း၊ လုပ်ငန်းပိုင်ရှင်များ အနေဖြင့် ကလေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် အချက်များအကြောင်း၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ဝန်ထမ်းများ၊ လူမှု‌ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/‌ဆက်)