မိုင်းလုံ ဇွန်၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုသိရှိပြီး စမ်းသပ် အသုံးမပြုစေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁ဝ)နာရီအချိန်ခန့်က သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ မူးယစ်ဆေးဝါးပြဿနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဘက်ပေါင်းစုံတားဆီးနှိမ်နင်း ကာကွယ်လျက်ရှိ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် (ကဗျာ)၊ ဆောင်ပုဒ်နှင့် ကာတွန်းစသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးနှင့် ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သော လမ်းဆုံများ၊ ဈေးဆိုင်များသို့ သွားရောက်ကာ ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)