မြစ်ကြီးနား ဇွန် ၂၃
ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ရည်ရွယ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်နယ်၏ အသက်သွေးကြောဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့စိုက်ပျိုးရန်အတွက် မြေလွတ်မြေရိုင်းများသည်လည်း ဧကသန်းပေါင်း များစွာ ကျန်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးအတွက် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုနိုင် ရေး ပုံစံ-၇ များကို စိစစ်ထုတ်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် ဒေသအကျိုးအတွက် အခြားနည်း အသုံးပြုခွင့်များကိုလည်း ဥပဒေနှင့် အညီ စိစစ်ပယ်ဖျက်ဆောင်ရွက်ပေးရသည့် ကိစ္စရပ်များလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အစည်းအဝေးတွင် လယ်မြေများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်နိုင်ရေး ဆွေးနွေး ဆောင်ရွက် သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က လယ်မြေအား အခြားနည်း အသုံးပြုခွင့်လျှောက်ထားလာမှု၊ လယ်မြေမှ တစ်ပါးလယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများနှင့် ပုံစံ-၇ ပျက်စီး/ပျောက်ဆုံး လျှောက်ထား တင်ပြလာသည့် လုပ်ငန်းစာတွဲ များကို စိစစ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လုပ်ငန်းစာတွဲတစ်ခုခြင်းစီအလိုက် စိစစ်တင်ပြမှုများအပေါ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သဘောထားမှတ်ချက်ပြု၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ စိစစ်တင်ပြရန် ကိစ္စရပ်များ နှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် ဆုံးဖြတ်ချက်ချမှတ်ပေးရမည့် ကိစ္စရပ်များအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အသားတင်စိုက်ပျိုးမြေ ဧက(၇)သိန်းကျော်၊ လှပ်မြေဧက (၁)သိန်းကျော်၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောမြေဧက (၇၄) သိန်းကျော်၊ တောရိုင်းမြေဧက (၅၉) သိန်းကျော်၊ မြေရိုင်းဧက (၅၆)သိန်းကျော်နှင့် အခြားမြေဧကသိန်း (၂၀)ကျော်ရှိပြီး စုစုပေါင်းအသုံးချမှု ဧရိယာ ပေါင်း ဧက ၂၂ သိန်းကျော်ရှိကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။
ပြည်နယ်ပြန်/ဆက်