တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

တံတားဦး ဇွန် ၂၃

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ များ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများ တိုးပွားကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှုအသိဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွား၍ အားလပ်သည့်အချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရွှေအိုးလူမခိုးဆိုသည့်စကားအတိုင်း စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ် ဖြစ်ကာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ပုံပြင်ပြောပြိုင်ပွဲသို့ အ.မ.က မကျီးတော ကျောင်းသား/သူများက မိမိတို့လေ့လာဖတ်ရှုထားသော ပုံပြင်များဖြင့် ယှဉ်ပြိုင်ကြကာ တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ Tallk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်