မူဆယ် ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို အ.ထ.က(၃)ကျောင်း၌ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်က လူမှောင်ခို၊ လူကုန်ကူးမှုနှင့်စာရိတ္တဆိုင်ရာစာပေအသိပညာပေးခြင်းကို မူဆယ်ခရိုင် လူကုန်ကူးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များ၊ အ.ထ.က(၃)ကျောင်းမှ ဆရာ/ဆရာမ များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် မူဆယ်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးဦးလှထွန်းက လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောရာတွင် လူ့ကုန်ကူးမှု စတင်ဖြစ်ပေါ်ခဲ့သော ကမ္ဘာနောက်ခံသမိုင်းများအကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု နောက်ခံ သမိုင်းကြောင်းများ၊ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း၇၀၀၀ကျော်ရှိသည့်အနက် နေ့စဉ် လူ၂.၅သန်းခန့်မှာ လူကုန်ကူးခံနေရကြောင်း၊ လူကုန်ကူးမှုခံရလျှင် ခံစားရမည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း၊ တပါးနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည်ဆိုလျှင် သေသေချာချာလေ့လာ စုံစမ်းဖို့လိုကြောင်း၊ လူကုန်ကူးသူများလည်း ပြစ်မှုများကျခံရနိုင်ကြောင်း၊ လူမှောင်ခိုနှင့် လူကုန်ကူးမှု ကွာခြားပုံများနှင့် ပက်သက်သည့် အကြောင်းများ ကိုလည်း Projector ဖြင့် ပြသရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ် စိုးထန်တူးမှ ကျောင်းသူ/သားများအနေဖြင့် ကျောင်းစည်းကမ်းများ လိုက်နာရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုင်ရာများအကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတကောင်းများ ရှိစေရန် စာများများဖတ်ရန်၊ ဘဝအတွက် အကျိုးရှိစေမည့်ဗဟုသုတစာများ၊လူမှောင်ခို၊ လူကုန်ကူးမှု ဆိုင်ရာအကြောင်းအရာများကို ပုံပြင်နမူနာများ၊ ဗီဒီယိုအပိုင်း နမူနာများ ပြသခြင်းကို Projector ဖြင့် ရှင်းလင်းပြသခဲ့ပြီး ကျောင်းပိတ်ရက်များတွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်စာအုပ်များ ကျောင်းသူ/သားများ လာရောက် ဌားရမ်းဖတ်ရှု နိုင်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ထိုအကြောင်းရာနှင့် ပက်သက်သည်များကို မေးမြန်း ခဲ့ရာ ဖြေနိုင်သော ကျောင်းသူ/ ကျောင်းသားများကို ဂုဏ်ပြုစာအုပ်တစ်အုပ်စီ ချီးမြှင်ခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲကို Grade(8)၊ (9)၊ (10)၊ (11)တို့မှ ကျောင်းသား/ ကျောင်းသူ(၂၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)