ညောင်ရွှေ ဇွန် ၂၃
နိုင်ငံတော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ညောင်ရွှေမြို့နယ် ဘဏ်ခွဲမှ ဒေသတွင်းစိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၂-မိုး သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နေ့တွင် တောင်ပို့ကြီးကျေးရွာအုပ်စု မှ စပါး(၂၆၉)ဧက၊ ပြောင်း(၄၁)ဧက၊ စိုက်ပျိုးရေးတောင်သူပေါင်း (၁၀၀)ဦးအတွက် ထုတ်ချေးငွေပေါင်း (၄၄၄.၅၀)သိန်း ကျပ်ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၂-မိုး သီနှံထုတ်လုပ်မှု ဘဏ်ချေးငွေများထုတ်ပေးခြင်းကို ယခုနှစ်မေလ(၁၆) ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ပြီး ညောင်ရွှေမြို့နယ်အတွင်း ယနေ့ဇွန်(၂၂)ရက်အထိ ကျေးရွာအုပ်စု(၇)စုမှ စိုက်ပျိုးရေးတောင်သူပေါင်း(၄၀၅)ဦး စပါးတစ်ဧကလျှင် ထုတ်ချေးငွေ (၁၅၀၀၀၀)ကျပ်နှုန်း ဖြင့် စပါးစိုက်ဧကပေါင်း (၁၄၅၁)ဧက၊ ပြောင်းတစ်ဧကလျှင် ထုတ်ချေးငွေ (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် ပြောင်းစိုက်ဧကပေါင်း (၆၂၃)ဧကတို့အတွက် ထုတ်ချေးငွေကျပ်စုစုပေါင်း (၂၇၉၉.၅၀)သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများမှ တောင်သူများအတွက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ