ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ ဇွန် ၂၃

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအနန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်သည် မိုးဦးကျကာလရောက်ရှိချိန်၊ အနောက်တောင်မုတ်သုန်လေ မဝင်မီတစ်ကြိမ်၊ အနောက်တောင် မုတ်သုန်လေဝင်ရောက်နေစဉ်နှင့် မိုးတွင်းကာလတစ်လျောက်လုံးမှာ သဘာဝဘေးအန္တရာယ်ကို မကြာခဏ ကြုံတွေ့ခံစားရသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ သဘာဝဘေးမဖြစ်ပေါ်စေရန် လူသားတို့အနေဖြင့် ဆောက်ရွက်၍ မရနိုင်သော်လည်း သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝကို လေ့လာဆန်းစစ်မှုများပြုလုပ်ပြီး ရရှိလာသောရလာဒ်များအပေါ်တွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက် နိုင်မည်ဆိုလျှင် သဘာဝ‌‌ဘေးကြောင့်ကြုံ‌တွေ့ရမည့် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ တည်နေရာအနေအထားနှင့် မြေမျက်နှာပြင် တည်ရှိမှုများအရ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ ဆူနာမီးဘေးအန္တရာယ်၊ ငလျှင်ဘေးအန္တရာယ်၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ မိုးကြိုးဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးခြင်းစသည့် ဘေးအမျိုးအစားများကြုံတွေ့နိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူအားလုံးက သတိရှိရှိဖြင့် ကြိုတင်ကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်းနှင့် တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့်လည်း မိမိပြည်နယ်၊ မိမိဒေသရှိပြည်သူများအတွက် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက ထိခိုက်မှု နည်းပါးစေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြစေလိုပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသူရိန်ထွန်းက ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်ကျရောက်နိုင်မှုနှင့် ဖြစ်ပွားမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များဖွဲ့စည်းမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ စသည်တို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် လုပ်ငန်းကော်မတီ(၁၂)ခုမှ အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ကြိုတင်လုပ်ငန်းဆောင်ရွက်ထားရှိ မှုများနှင့် လုပ်ငန်းစီမံချက်များကို Power Point ဖြင့်ရှင်းလင်းတင်ပြကြပြီး Online ဖြင့်တက်ရောက် ကြည့်ရှုပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အလိုက် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကားပြောကြာခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)