“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများ ကျင်းပနေမှုအား ကြည့်ရှုအားပေး

ဟိုပန် ဇွန် ၂၃

၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက ပြိုင်ပွဲကျင်းပနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ဖြေဆိုရာတွင်   အထက်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲတွင် " မူးယစ်ဆေးဝါး တို့ဖယ်ရှား၊ ဝေးအောင်ရှောင်မှ ချမ်းသာရ၊ နိုင်ငံသားကောင်းပီသလှ"၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲများတွင် " မူးယစ်ကင်းစင်ကမ္ဘာတစ်ခွင်"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်၊ စာစီစာကုံးပြိုင်ပွဲတွင်"မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး"၊ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် "ကောင်းကျိုးမပေး မူးယစ်ဆေး" ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ရှောင်လေဝေးဝေး မူးယစ်ဆေး"၊ ကဗျာနှင့်ပန်းချီ ပြိုင်ပွဲများတွင်"မူးယစ်ဆေးဝါးအစဆေးလိပ်က"စသည့် ခေါင်းစဉ်များဖြင့်ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း ဟိုပန်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြိုင်ပွဲများတွင် ဟိုပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ(၃၁)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ(၃၁)ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/သူ(၃၅)ဉီး စုစုပေါင်း ကျောင်းသား/သူ(၉၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်  ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)