တာမွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာမွေ ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “တာမွေမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၏ အဓိကအချက်အချာကျသည့် မြို့နယ်တစ်ခုဖြစ်သည့်အတွက် မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးကစလို့ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရရှိသမျှ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးမှာကြား လိုပါကြောင်း”စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်