မာန်အောင်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျရာတွင် ပျက်စီးသွားသော နေအိမ်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မာန်အောင် ဇွန် ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဂန့်ကော်တောကျေးရွာအုပ်စု၊ ဇိုင်ပင်ကျေးရွာတွင် ယခုလ၁၁ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မကျည်းပင်လဲကျ ပျက်စီးသွားသော နေအိမ်မိသားစုများအား ယမန်နေ့ မွန်းလွဲ၁နာရီက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေအသင်းက ထောက်ပံ့ပေးအပ်သော မိသားစုအသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို မာန်အောင်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ တပ်ဖွဲ့မှူးဦးမြင့်သန်းနှင့် တပ်ဖွဲ့ဝင်များက ဂန့်ကော်တောကျေးရွာအုပ်စု၊ ဇိုင်ပင်ကျေးရွာသို့ သွားရောက်ပြီး နေအိမ်ပျက်စီးသွားသူ ဦးသိန်းမောင်မိသားစုအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ မေလ၂၁ရက်နေ့က သစ်ပုံကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာ၌ အုန်းပင်လဲကျရာတွင် ပျက်စီးသွားသော ဦးနေလင်း နေအိမ်မိသားစုကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သိန်းဖေ (ပြန်/ဆက်)