ပျော်ဘွယ် ဇွန် ၂၃
ပျော်ဘွယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းတို့၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွဋ်က ပညာသင်ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများ ပညာရေးကိုဖြောင့်ဖြူးစွာသင်ကြားနိုင်ရေး၊ မိမိဘဝတိုးတက်ရေးကိုသာ ဦးတည်ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ပညာသင်ထောက်ပံ့မှုတွင် အထက်တန်းအဆင့် ကျောင်းသားတစ်ဦးလျှင် ငွေကျပ်သုံးသောင်း၊ အလယ်တန်းအဆင့် ကျောင်းသားတစ်ဦးလျှင် ငွေကျပ်နှစ်သောင်း၊ မူလတန်းအဆင့် ကျောင်းသားတစ်ဦးလျှင် ငွေကျပ်တစ်သောင်းအပြင် ဗလာစာအုပ်နှင့် စာရေးကိရိယာတို့ကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၅)ဦးအား ထောက်ပံ့နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှးရုံးမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)