တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်

တိုက်ကြီး      ဇွန်    ၂၂

၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင် က မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များကို ဆွေးနွေးသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း တိုက်ကြီးမြို့နယ် ဉက္ကဋ္ဌ စာရေးဆရာ ထွန်းလှိုင် (မြိုင်)က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာ၌ အများပြည်သူများ လေ့လာကြည့်ရှုနိုင်စေရေး ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် အသိပညာပေး အကြောင်းအရာ Talk Show အစီအစဉ်ကောင်းများကို ဆက်လက်ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)