ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းသား/သူအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ဒဂုံမြောက် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် ပင်လုံနှင်းဆီ၊ YLDS၊ Success ကိုယ်ပိုင်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ(၅၅၀)ဦးအား (Sinopharm)ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူ‌လေးများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ပိုင်ကျောင်း(၁၁)ကျောင်းရှိရာ ကျန်ရှိသည့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးဆက်လက် ထိုးနှံဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ