မတ္တရာမြို့နယ်မှ လေဘေးသင့်ပြည်သူ ၃၅၉ဦး အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်

မတ္တရာ   ဇွန်   ၂၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မေလ ၁၆ ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လေဘေးသင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုမှ သဘာဝဘေးအန္တရာယ်များ၊ နယ်မြေဒေသလုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်တို့မှ ရပ်ကွက်/ကျေးရွာအုပ်စု (၁၈) အုပ်စု၊ အိမ်ထောင်စု ၉၃ စုမှ ဘေးသင့်ပြည်သူ ၃၅၉ ဦး အတွက် တစ်ဦးလျှင် ကျပ် ၅၀၀၀၀နှုန်းဖြင့် ကျပ် ၁၇၉၅၀၀၀၀၊ ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း ပျက်စီးမှုအတွက် ငွေကျပ်၁သိန်းနှင့် သေဆုံးသူ(၁)ဦး၏ ကျန်ရစ်သူ မိသားစုအတွက် ထောက်ပံ့ ငွေ ကျပ် ၅သိန်း၊ ပျက်စီးသွားသည့် နေအိမ်(၁၂)လုံးအတွက်  ကျပ် ၂ သိန်းနှုန်းဖြင့် ၂၄ သိန်း၊ တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် ၈၁လုံးအတွက် ၁သိန်းနှုန်းဖြင့် ၈၁သိန်း၊ စုစုပေါင်း  (၂၉၀၅၀၀၀၀) ကျပ်ကို ပေးအပ်ရာ လေဘေးသင့် ပြည်သူများကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပေးငွေများ ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)