ကျောက်ပန်းတောင်း ဇွန်၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီကအဆိုပါ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူဆရာမများ စုစုပေါင်းအင်အား (၃၅)ဦး လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပြပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။ ယင်းနောက် ကျောင်းသားကျောင်းသူလေးများက မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၏ ပြစ်မှုနှင့်ပြစ်ဒဏ် များပြ ဘုတ်၊ ကလေးအလုပ်သမားပပျောက်ရေး ပညာပေးပြဘုတ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် ပညာပေးပြဘုတ်၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များပြင်ဆင်ဆောင်ရွက်ထားရှိမှု ပြဘုတ်များကို လေ့လာကြည့်ရှုကြရာ၊ ဦးစီးအရာရှိနှင့် ဒုတိယ ဦးစီးမှူးတို့က ပြဘုတ်အလိုက်ရှင်းလင်းပြသကြပြီး၊ ကျောင်းသား၊ကျောင်းသူလေးများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာအသိပညာပေးစာအုပ်များ၊ ဥပဒေရေးရာစာအုပ်များနှင့် အခြားသုတ/ရသစာအုပ်မျိုးစုံတို့ကိုခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာ ဖတ်မှတ်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)