ဗန်းမော် စက်တင်ဘာ ၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)စုစုပေါင်း(၅၀၀၀)ခုကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်လှူဒါန်းရာတွင် “အောင်တက်ပွင့်” ဆောက်လုပ်ရေးကုမ္ပဏီမှ ရုံးအဖွဲ့မှူး ဦးသိန်းအောင်နှင့် အဖွဲ့က နှာခေါင်းစည်း(Mask) စုစုပေါင်း(၅၀၀၀)ခုကို ပေးအပ်လှူဒါန်းရာ ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဂျွန်စယ်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဦးကျော်ကျော်ဦးတို့က လက်ခံရယူခဲ့ကြသည်။
“ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ပေါ့လေ၊ ကျန်းမာရေးဌာနက လည်း ပြောပါတယ် Mask တပ်ခြင်းဟာ ကိုဗစ်-၁၉ ရောဂါကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်၊ အဲ့ကြောင့် Mask ကို အရေးကြီးတဲ့အနေနဲ့ ပြည်သူတွေ အားလုံး Mask တပ်လာအောင်ပေါ့ Campaign လုပ်ရင်း ကုမ္ပဏီကနေ လာလှူဒါန်းပေးခြင်းဖြစ်တယ်” ဟု “အောင်တက်ပွင့်” ဆောက်လုပ်ရေးကုမ္ပဏီမှ ရုံးအဖွဲ့မှူး ဦးသိန်းအောင်က ပြောသည်။
“ကျွန်တော်တို့ စည်ပင်သာယာရေးဦးဆောင်မှုနဲ့ ပြည်သူလူထုကို ဖြန့်ဝေပေးဖို့ ကုမ္ပဏီကနေ လာလှူဒါန်းပါတယ်၊ လာလှူဒါန်းပေးတဲ့ Mask များကို ကျွန်တော်တို့ ဝန်ထမ်း တွေနဲ့ လူစည်းကားတဲ့ နေရာတွေမှာ Mask မတပ်တဲ့ ပြည်သူများကို ရက်အလိုက် Mask Campaign ဆောင်ရွက်သွားမယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။
ကိန်းဖြူ(ပြန်/ဆက်)