မှော်ဘီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်  မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မှော်ဘီ ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ ၂၀၂၂ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မှော်ဘီမြို့နယ်၊ ရေပြာကျေးရွာ၊ မြကျောက်တောရ ဓမ္မရိပ်သာကျောင်းဝန်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်သူက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်ထံသို့ စိုက်ပျိုးမည့် ပျိုးပင်ပေါက်  အပင် (၁၀၈၀)ပေးအပ်ခဲ့သည်။ မြကျောက်တောရဓမ္မရိပ်သာကျောင်းဝန်းအတွင်းရှိ ကွင်းပြင်ကျယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား(၂၀၀)ကျော်ခန့်က ပိတောက်၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ မန်ဂျာရှား၊ မယ်ဇလီနှင့် အခြားသစ်မျိုးများဖြစ်ကြသော သင်္ဃန်း၊ အင်ကြင်း၊ လုမ္ပနီအင်ကြင်း၊ ကရမက်နှင့် တရုတ်တယ်စသည့် သစ်မျိုးများ စုစုပေါင်း အပင်(၁၀၈၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကောင်းမြတ်သူ