တပ်ကုန်းမြို့နယ်ကိုယ်စားပြု နေ့/ည အသံမစဲမဟာပဌာန်းပူဇော်ခြင်း၊ ပဌာန်းသိမ်းအောင်ပွဲကျင်းပ

တပ်ကုန်း ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့မှ ဦးဆောင်သော မြို့နယ်ကိုယ်စားပြု နေ့ / ည အသံမစဲ မဟာပဌာန်းပူဇော်ခြင်းကျင်းပခဲ့ရာ ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက  မြို့နယ်ဩဝါဒါစရိယဆရာတော်၊ အနော်ရထာရပ်ကွက်၊ မြို့ရှေ့ စန္ဒာရုံကျောင်းတိုက်၊ ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူကြသည်။ ထို့နောက် မြို့နယ်ဩဝါဒါစရိယဆရာတော်နှင့် ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်နှင့်ဝတ္တာသုတ်တော်များ ရွတ်ပွားချီးမြှင့်၍လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးက ပဌာန်းပွဲကျင်းပခြင်းဆိုင်ရာ လျှောက်တင်ခဲ့ပြီးနောက်  ဩဝါဒါစရိယဆရာကြီးများနှင့် ပဌာန်းရွတ်ဖတ်တော်မူခဲ့သည့် ဆရာတော်များအား  နဝကမ္မဝတ္ထုငွေများ  ဆက်ကပ်လှူဒါန်းခဲ့သည်။  လှူဒါန်းမှုအစုစုအား  မြို့နယ်ဩဝါဒါစရိဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက ရေစက်ချအနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်ကိုယ်စားပြု နေ့/ညအသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက နေ့စဉ်ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်း၍ ဘုန်းတော်ကြီးကျောင်း(၈) ကျောင်း၊ ပဌာန်းရွတ်ဖတ်ပူဇော် ဆရာတော်၊ သံဃာတော်(၂၄)ပါးဖြင့် နေ့/ညအသံမစဲဘဲ(၅)ရက် တိုင် ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့မှ သိရသည်။

တင်စိုးလွင်