အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဗန်းမော် ဇွန် ၂၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို လည်းကောင်း၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဦးအောင်မြင့်မြတ်က စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ ကြသည်။ ယင်းနောက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်ဖြန့်ဝေပေးပြီး ခင်းကျင်း ပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များ၊ "လူသားတို့ ကမ္ဘာမပျက်သုဉ်းဖို့ အန္တရာယ်မူးယစ်ဆန့်ကျင့်စို့" နံရံကပ်စာစောင်၊ "၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းများ"နှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)