ငါန်းဇွန် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသခြင်းနှင့် ဟောပြောပွဲကျင်းပခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ဘိန်းသီးများ၊ ဆေးခြောက်များ၊ WY ဆေးပြားများ၊ မူးယစ်ဆေးဝါးအန္တရာယ်သရုပ်ပြကာတွန်းနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှတ်တမ်းဓာတ်ပုံများ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝင်းအတွင်း၌ ပြသထားခြင်းအား ငါန်းဇွန်အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများက လာရောက်လေ့လာကြည့်ရှုမှတ်သားကြသည်။
ထို့နောက် ပြည်သူ့စာကြည့်တိုက်အတွင်း၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုကြပြီး ဖတ်ရှုလိုသောစာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန(Community Cemtre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပရာ ကျောင်းသား/သူများအား ဒုတိယဦးစီးမှူးဒေါ်ချိုမြင့်ကြည်က မူးယစ် ဆေးဝါးဆိုတာအဘယ်နည်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တယ်ရာယ်နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)