အင်းစိန်မြို့နယ်၌  ကျောင်းသား၊ ကျောင်းသူ(၈၇၉၈)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးဆက်လက်ထိုးနှံ

ရန်ကုန် ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို သက်မှတ်ထားသည့် နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်( ၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၈၇၉၈)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ပြီး ဆက်လက်ထိုးနှံလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် သွားရောက်ထိုးနှံပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် အေးချမ်းစွာ ဆေးထိုးနှံနိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ် စသည့်လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို